Header Ads

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် အာဆီယံထိပ်သီး အစည်းအဝေးကို လုံခြုံရေးအင်အား ၄၀၀၀ ဖြင့် စောင့်ကြပ်






ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင် လက်ခံကျင်းပလျက်ရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးအင်အား ၄၀၀၀ ခန့် ချမှတ်စောင့်ကြပ်ထားကြောင်း သတင်းရရှိသည်။
အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ သမ္မတများ၊ ၀န်ကြီးချုပ်များတက်ရောက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကတက်ရောက်မည်ဖြစ်သည်။
အစည်းအဝေးကျင်းပမည့် မနီလာမြို့၊ ပါဆေးရှိယဉ်ကျေးမှုဗဟိုစင်တာနှင့် အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးကိုထူထပ်စွာချထားမည်ဖြစ်ကြောင်း၊အစည်းအဝေးကာလအတွင်း ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များပူးပေါင်း၍ အနီးဝန်းကျင်ရှိ ဟိုတယ်များတွင် ဧည့်သည်အ၀င်အထွက်များကိုလည်း တင်းကြပ်စွာစောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတဦးက ပြောသည်။
“အစည်းအဝေးကာလမှာ ဒီနေရာကို လုံးဝ ပိတ်ထားမှာပါ။ ပိတ်ထားတယ်ဆိုတဲ့နေရာမှာလမ်းသွားလမ်းလာတွေ၊ မော်တော်ယာဉ်တွေအားလုံး လုံးဝ ၀င်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒီအနီးတ၀ိုက်မှာရှိတဲ့ စားသောက်ဆိုင်တွေကိုလည်းပိတ်ထားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
ယခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးကို ‘အပြောင်းအလဲအတွက် လက်ချင်းဆက်၊ ကမ္ဘာကြီးနဲ့ ချိတ်ဆက်’ (Partnering for Change, Engaging the World) ဟူသောဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်ပြီး
အစည်းအဝေးသို့ ဘရူနိုင်းဘုရင် ဟာဆန်နယ်ဘိုလ်ကီယာ၊ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်၊ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၊ လာအိုသမ္မတဘူနန်ဗိုရာချစ်၊ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်စွန်ဖုတို့ တက်ရောက်မည်ဖြစ်သည်။
အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတရိုဒရီဂိုဒူတာတေကတက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ခေါင်းဆောင်များအား ဧပြီ ၂၉ ရက်တွင် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဧပြီ ၂၈ ရက်နေ့တွင် နေပြည်တော်မှ ထွက်ခွာသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်းတရုတ်နိုင်ငံပေကျင်းမြို့တွင်ကျင်းပမည့် ၂၁ ရာစုပိုးလမ်းမသစ်ဆိုင်ရာဆွေးနွေးပွဲသို့ မသွားရောက်မီဥရောပသမဂ္ဂ(အီးယူ)ဌာနချုပ်၊ ဘယ်လ်ဂျီယံနိုင်ငံ၊ အီတလီနိုင်ငံ၊ ဗြိတိန်နိုင်ငံတို့သို့ သွားရောက်မည်ဖြစ်သည်။
မော်ရိုး
The Now News Journal
28.4.2017 (Friday)

No comments:

Powered by Blogger.