Header Ads

မကွေးဝန်ကြီးချုပ်ဟောင်းက သန်း ၁၇၀၀ နှင့် ယာဉ်များ ပြန်ပေးမည်ဟု တိုင်းအစိုးရဆို


မကွေးတိုင်းဝန်ကြီးချုပ် (ဟောင်း) ဦးဘုန်းမော်ရွှေက ရေနံလက်ယက်တွင်း ရန်ပုံငွေမှ သုံးစွဲထားသော ငွေများမှ ကျပ် သန်း ၁၇၀၀ နှင့် မော်တော်ယာဉ်များ၊ မြေတူးစက်များကို လက်ရှိအစိုးရထံ ပြန် လည်ပေးအပ်ရန် ဆက်သွယ်လာကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။
“ပြန်ပေးမယ်တဲ့။ တစ်ရက်နှစ်ရက်အတွင်း ပြန်ပေးမှာပါတဲ့” ဟု မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက The Voice သို့ ပြောဆိုသည်။
ပြန်ပေးမည်ဟု ပြောကြားလာသည့် ငွေနှင့်ယာဉ်များမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို လှူဒါန်းထားသည်များ ဖြစ်ဖွယ်ရှိကြောင်း ၎င်း၏ အယူအဆကို ရှင်းပြသည်။
“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကို ပေးလိုက်တဲ့ ပမာဏလို့ ထင်ရတာပဲ။ သန်းတစ်ထောင့်ခုနစ်ရာက ပမာဏချင်း တူနေတာပဲ” ဟု ၎င်းက ပြောဆိုသည်။
တိုင်းအစိုးရ အဖွဲ့ဝင်ဟောင်းများသည် ရေနံလက်ယက်တွင်း ရန်ပုံငွေမှ စာရင်းမရှိ သုံးစွဲငွေ ၂ ဒသမ ၈ ဘီလီယံကို ပြန်လည်စိစစ်ပေးရန် ပွင့်ဖြူမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ၂၀၁၆ ခုနှစ် မေလ ၃၀ ရက်၌ ဒုတိယအကြိမ် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့သည်။
အဆိုပါ ကိစ္စရပ်အပေါ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ယင်းငွေကြေးကိစ္စရပ်များအပေါ် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ စာရင်းမရှိ သုံးစွဲခဲ့ကြောင်း ဖြေဆိုခဲ့သည်။
လွှတ်တော်၌ ပြည်ထောင်စုဝန်ကြီး ရှင်းလင်းပြီးနောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်(ဟောင်း) ဦးဘုန်းမော်ရွှေ အပါအဝင် တိုင်းဝန်ကြီးဟောင်းများကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ၌ ပြည်ထဲရေး ဝန်ကြီးဌာနက စစ်ဆေးခဲ့သည်။
ရေနံလက်ယက်တွင်း ရန်ပုံငွေသည် ၂ ဒသမ ၈ ဘီလီယံ မဟုတ်ဘဲ စုစုပေါင်း ရန်ပုံငွေ ၇ ဒသမ ၄၅၉ ဘီလီယံ ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အစီရင်ခံစာကို ပြည်ထဲရေး ဝန်ကြီးဌာနမှ သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ခဲ့သည်။
ထို့နောက် ၂၀၁၇ ခုနှစ် ဧပြီလ ၂၅ ရက်၌ ထိုအစီရင်ခံစာအပေါ် လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အစိုးရ တိုင်းဒေသကြီးရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ယခင် မကွေးတိုင်းဒေသကြီး အစိုးရလက်ထက်က ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးရေး ထည့်ဝင်ထားသော ငွေကျပ် ၇ ဒသမ ၄၅၉ ဘီလီယံကျော်နှင့် ပတ်သက်၍ စုံစမ်းတွေ့ရှိချက်များကို ရှင်းလင်းရာ၌ လက်ရှိ မကွေးတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီသို့ ငွေကျပ် ၁ ဒသမ ၇ ဘီလီယံ၊ မော်တော်ယာဉ်လေးစီး၊ မြေတူးစက်တစ်စီး၊ ပဲ့ထောင်စက်လှေရေယာဉ် နှစ်စီး လှူဒါန်းခဲ့ပြီး မကွေးတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီမှ တည်ထောင်သော ရွှေသုခ အသေးစား ငွေရေးကြေးရေး လုပ်ငန်းထံ ငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံ လွှဲပြောင်းထားကြောင်း လက်ရှိ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ရှင်းလင်းပြောကြားခဲ့သည်။
ထိုကဲ့သို့ ဒေါက်တာအောင်မိုးညိုက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် ညနေပိုင်း အချိန်၌ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ငွေကျပ် သန်းတစ်ထောင့်ခုနစ်ရာကို ရက်ပိုင်းအတွင်း ပြန်လည်ပေးဆပ်မည်ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဆက်သွယ်ပြောကြားခဲ့သည်။
အလားတူ ကြံ့ခိုင်ရေးပါတီသို့ ဦးဘုန်းမော်ရွှေ လှူဒါန်းခဲ့သော မော်တော်ယာဉ်များ၊ စက်လှေများနှင့် မြေတူးစက်များကို ပြန်လည်ပေးအပ်မည်ဟု ပြောဆိုလာကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆိုသည်။
“စက်လှေ၊ ကားလေးစီးရယ်၊ မြေတူးစက်တွေကို ပြန်လွှဲပေးပါလိမ့်မယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဆက်လက်ပြောသည်။
လက်ရှိအချိန်၌ အစိုးရအဖွဲ့မှ ပြန်လည်ရရှိမည့် ငွေများကို အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဦးဘုန်းမော်ရွှေတို့သည် ဆက်သွယ်ဆွေးနွေးလျက်ရှိကြောင်း မကွေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေသည် ယခင်က မကွေးတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။
# the voice
The Now News Journal
28.4.2017 (Friday)

No comments:

Powered by Blogger.