ဝိုင်ဘီအက်စ်စနစ် မအောင်မြင်ရခြင်း နိုင်ငံရေးပယောဂများ ပါဝင်နေဟုဆို
ရန်ကုန်၊ ဧပြီ-၂၇
ဝိုင်ဘီအက်စ်စနစ် ပြုပြင်ပြောင်းလဲရေး မအောင်မြင်ရခြင်းမှာ နိုင်ငံရေး ပယောဂများလည်း ပါဝင်နေပြီး စနစ်ကို မအောင်မြင်စေလိုသူတို့က ဖန်တီးနေသည့် အခက်အခဲများကိုလည်း ရင်ဆိုင် ဖြေရှင်းနေရ ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောဆိုသည်။
ဧပြီ ၂၇ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက် ပိုမို ကောင်းမွန်စေရန် တိုက်တွန်းသည့်အဆိုနှင့် ပတ်သက်၍ ပြန်လည် ရှင်းလင်း ဖြေကြားရာတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

"အခုဖြစ်နေတဲ့ အခက်အခဲက ကျွန်မတို့ ရိုးရိုးသားသား ကြုံတွေ့ နေရတာတွေရှိပါတယ်။ ရိုးရိုးသားသားဆိုတာက သာမန်ယာဉ်တိုက် မှုဖြစ်စဉ်တွေ ဖြစ်သလိုပါပဲ။ဒါပေမဲ့ ၀ိုင်ဘီအက်စ်စနစ်ကို မအောင်မြင် စေချင်တဲ့သူတွေ ပယောဂတွေနဲ့ ဖန်တီးတဲ့ အခက်အခဲတွေကိုလည်း ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ဒီလို မအောင်မြင်တဲ့ ကိစ္စမှာ နိုင်ငံရေး ပယောဂတွေပါ ပါတယ်"ဟု ဒေါ်နီလာကျော်က ပြောဆိုသည်။
ဒဂုံမြို့သစ်တောင်ပိုင်းနှင့် မြောက်ပိုင်းမြို့နယ်များတွင် ၀ိုင်ဘီအက်စ် စနစ် ပြောင်းလဲမှုကို မလိုလားဘဲ ယခင်မထသစနစ်ကိုသာ လိုလားသူများက ၀ိုင်ဘီအက်စ် ယာဉ်လိုင်းများကို ရန်ပြုနှောင့်ယှက် သည့် ဖြစ်စဉ်များလည်းရှိနေသည့်အတွက် လုံခြုံရေးအားနည်းချက်ကို ဖြေရှင်းရန် ဆောင်ရွက်နေသည်ဟုလည်း ပြောဆိုသည်။
ဝိုင်ဘီအက်စ်စနစ်ကို မအောင်မြင်စေလိုသူများအနက် တာဝန်ယူမှု တာဝန်ခံမှု မရှိလိုသော ယာဉ်ပိုင်ရှင်များလည်း ပါဝင်နေကြောင်း ၎င်းက ပြောကြားသည်။ ထို့ပြင် ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက အဆိုကို ဆွေးနွေးစဉ် ပြောဆိုခဲ့သည့် "ပြည်သူ စိတ်ပျက်YBS" ဆိုသည့် စကားလုံးကိုလည်း လက်မခံနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
"အချိန်တန်ရင် ပြည်သူက ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။ ပြည်သူက ဆုံးဖြတ် သွားမှာဖြစ်ပါတယ်။ YBS က မအောင်မြင်ဘူး။ ကျဆုံး တယ်ဆိုတဲ့ စကားလုံးကို ကျွန်မ အနေနဲ့ လက်မခံပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မတို့က တစ်နှစ်တာစီမံကိန်းနဲ့ ဆောင်ရွက်နေတာပါ။ အခုအခါမှာ သုံးလပဲ ရှိပါသေးတယ်။ အဲဒီအချိန်မှာ ဆောင်ရွက် ဆဲကာလဖြစ်တာကြောင့် ဒီလိုဆုံးဖြတ်ချက်စောတဲ့ အဖြစ်ကို မဖြစ်စေချင်ပါဘူး"ဟု ဒေါ်နီလာကျော်က ပြောဆိုသည်။

ဝဏ္ဏ
# The Standard Time Daily
# The Standard Time Daily
The Now News Journal
28.4.2017 (Friday)
No comments:
Post a Comment