Header Ads

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦး နောက်ဆုံး အယူခံတွင် အလားအလာကောင်းမည် ဟုဆို


ရန်ကုန်
လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ သေဒဏ်ကျခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးအတွက် နောက်ဆုံးအယူခံတွင် အလားအလာကောင်းများရလိမ့်မည်ဟု မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။ ပြီးခဲ့သည့် မတ် ၂၃ ရက်က အယူခံတင်သွင်းရန်အတွက် အချိန်တစ်လတောင်းဆိုခဲ့ ပြီးနောက် အချိန်မလောက်၍ ထိုင်းရှေ့နေများကောင်စီမှ ဧပြီ ၁၈ ရက်က တစ်လတိုး တောင်းခဲ့သည့်အတွက် မေ ၂၃ ရက်မတိုင်မီ ထိုင်းတရားရုံးချုပ်သို့ အယူခံတင်သွင်းရမည် ဖြစ်သည်။
''မေ ၂၃ ရက်မတိုင်မီတော့ တင်ဖြစ်လိမ့် မယ်လို့ အန်ကယ်တို့ ထင်ပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကစေလွှတ်တဲ့ ဥပဒေ အကြံပြုအဖွဲ့ကလဲ ဆောင်ရွက်မှုတွေ ပြီး သလောက်ဖြစ်နေပါပြီ။ ပြီးရင် အဲဒါကို သံရုံးကို ပို့ပေးမှာပါ။ သံရုံးကနေတစ်ဆင့် ထိုင်း ရှေ့နေများကောင်စီကို ပို့မှာပါ။ ထိုင်းရှေ့နေ များကောင်စီနဲ့ အယူခံပေါင်းရေးပြီးရင် တင်လို့ရပါပြီ''ဟု ဦးအောင်မျိုးသန့်ကဆိုသည်။ ထိုင်းတရားရုံးချုပ်မှလည်း အယူခံကို လက်ခံလိမ့်မည်ဟု ၎င်းက မျှော်လင့်နေသည်။ ''ဒီလိုအမှုမျိုးကတော့ ဒီလိုနောက်ဆုံး အဆင့်မှာ ရာနှုန်းပြည့် လက်ခံလိမ့်မယ်လို့ ထင်ပါတယ်''ဟု၎င်းကဆိုသည်။
''ကလေးတွေအတွက်လဲ အလားအလာ ကောင်းတွေလဲ ဒီရုံးကနေရလိမ့်မယ်လို့ အန်ကယ်တို့ မျှော်လင့်ပါတယ်။ ပြောလို့ရနိုင်တာ ဘာရှိလဲဆိုရင် ကလေးတွေဟာ ဒီပြစ်မှုနဲ့ပတ်သက်လို့ နှစ်ကြိမ်တိုင်တိုင် ဝန်ခံခဲ့မိတယ်။ ညအချိန်မတော် ကမ်းခြေမှာ ဂစ်တာတီးပြီး ဘီယာသောက်နေတယ်ဆိုတဲ့ အခင်းဖြစ်တဲ့ နေရာမှာရှိတယ်ဆိုတဲ့ကိစ္စမျိုးလေးတွေ။ အဲဒီသံသယဖြစ်စရာအချက်လေးတွေပဲရှိတာပါ။ ကျန်တဲ့အချက်တွေမှာတော့ မျက်မြင်သက် သေမရှိတဲ့အမှုဖြစ်တဲ့အတွက် အလားအလာ ကောင်းမယ်လို့ မျှော်လင့်ပါတယ်''ဟု ဦးအောင်မျိုးသန့်က ပြောသည်။ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသားနှစ်ဦး ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းတွင် အသတ်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
စည်သူကျော်
The Now News Journal
28.4.2017(Friday)

No comments:

Powered by Blogger.