KIO က UNFC ထံ ပို့သည့် လျှို့ဝှက်စာ ပေါက်ကြား
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သို့ ပေးပို့ခဲ့သည့် လျှို့ဝှက်စာ ပေါက်ကြားမှု ဖြစ်ပွားခဲ့ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးနော်ဘူက The Voice သို့ ပြောကြားသည်။
အဆိုပါလျှို့ဝှက်စာသည် UNFC အဖွဲ့မှ နုတ်ထွက်ခွင့်ပြုရန် KIO က တောင်းဆိုသည့်စာ ဖြစ်သည်ဟု ပြင်ပ သတင်းဌာန အချို့က ဖော်ပြခဲ့ပြီး ယင်းစာတွင် ကေအိုင်အို အထွေထွေ အတွင်းရေးမှူး ဦးလနန် လက်မှတ် ရေးထိုးထားကြောင်း RFA သတင်းဌာနက ဖော်ပြခဲ့သည်။
KIO က UNFC ထံ ပေးစာ ပေးပို့သည့်သတင်းမှာ ဟုတ်မှန်သည်ဟု ဒုဗိုလ်မှူးကြီး နော်ဘူက အတည်ပြု ပြောဆိုသော်လည်း သတင်းများ ပေါ်ထွက်ခဲ့သည့် KIO နုတ်ထွက်ခွင့် တောင်းခံသည့် ပေးစာ ဟုတ် မဟုတ်ကို ၎င်းအနေနှင့် မသိရှိကြောင်း The Voice ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
အဆိုပါပေးစာသည် KIO အနေနှင့် UNFC ဗဟိုကော်မတီ အစည်းအဝေးတွင် ဆွေးနွေးရန် ပေးပို့သော ပေးစာဖြစ်ပြီး စာအတွင်း ရေးသားထားသည့် အကြောင်းအရာများ မည်သည့်အတွက်ကြောင့် ပေါက်ကြားခဲ့သည်ကို မသိရှိကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော် သိသလောက် ပြောမယ်ဆိုရင်တော့ KIO အနေနဲ့ UNFC ကို စာပေးပို့ထားတယ်လို့ ကြားသိရတယ်။ ဒါပေမဲ့ အဲဒီစာထဲမှာ ဘာတွေပါလဲ ဆိုတာတော့ ကျွန်တော် ဘာမှမသိဘူး။ ကြားသိတာကတော့ အဲဒီစာက UNFC အစည်းအဝေးမှာ ဆွေးနွေးဖို့ ပို့ထားတဲ့စာ ဖြစ်တယ်ဆိုတဲ့ အကြောင်းလောက်ပဲ ကျွန်တော် သိပါတယ်။ ဒီစာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက အွန်လိုင်း တော်တော်များများ ပျံ့နှံ့နေတာလည်း၊ ဘယ်သူ့ကြောင့် အတည်ဖြစ်သွားလဲ ဆိုတာတော့ ကျွန်တော်တော့ မသိဘူး၊ အမှန်တကယ်ကတော့ UNFC ရဲ့ စည်းထဲမှာ လျှို့ဝှက်ချက်နဲ့ ပို့ထားတယ် ဆိုတာတော့ သိပါတယ်။ ဒီစာထဲမှာ ဘယ်လိုတွေ ရေးထားသလဲဆိုတာတော့ ကျွန်တော်မသိဘူး”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
အဆိုပါ ပေးပို့သည့်စာနှင့် ပတ်သက်၍ UNFC တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းရာတွင် ယင်းသို့ နုတ်ထွက်စာ တင်သည်ဟု ကြားသိရသော်လည်း အဆိုပါ ပေးပို့သည့်စာကို တွေ့ရှိရခြင်း မရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
UNFC ထံသို့ KIO က ပေးပို့ထားသည့် အဆိုပါပေးစာကို မေလ ၂ ရက်နေ့တွင် UNFC က လက်ခံရရှိခဲ့ခြင်း ဖြစ်ကြောင်း RFA သတင်းတွင် ဖော်ပြခဲ့သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် လက်ရှိ UNFC ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားလျက် ရှိသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တပ် ပေါင်းစုအတွင်း KIO အပါအဝင် အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေး ထိုးရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ ပါဝင်နေသည်။
UNFC အဖွဲ့သည် NCA လက်မှတ် ရေးထိုးရခြင်း မရှိသေးသော်လည်း NCA လမ်းကြောင်းအတိုင်း လိုက်ပါမည်ဟု ထုတ်ဖော် ပြောဆိုထားပြီး UNFC အဖွဲ့ဝင် KIO အဖွဲ့အနေနှင့် NCA လမ်းကြောင်းအတိုင်း ရှေ့ဆက်သွားမည်၊ မသွားမည်ကို ရှင်းရှင်းလင်းလင်း ပြောဆိုထားခြင်း မရှိသေးပေ။
ထို့ပြင် KIO အဖွဲ့သည် အစိုးရ၏ NCA လမ်းကြောင်းအတိုင်း မလိုက်ပါဘဲ နိုင်ငံရေး လမ်းကြောင်းသစ် ရှာဖွေမည့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် မြောက်ပိုင်း လက်နက်ကိုင် သုံးဖွဲ့ (AA/ MNDAA/ TNLA) အဖွဲ့များ၏ ပန်ခမ်း ညီလာခံကိုလည်း တက်ရောက်ထားသည့် အဖွဲ့ တစ်ဖွဲ့ဖြစ်သည်။
Credit: The Voice Myanmar
The Now News Journal
8.5.2017(Monday)
No comments:
Post a Comment