Header Ads

THAAD ဒုံးကျည် အစိတ်အပိုင်းများ ဖြန့်ကြက်မည့် နေရာသို့ရောက်ရှိပြီဟု တောင်ကိုရီးယား စစ်ဘက်အတည်ပြု


ဆိုးလ် ၂၇-၄-၂၀၁၇
.
အမေရိကန် ပြည်ထောင်စု၏ အဆင့်မြင့် အမြင့်ပျံလေကြောင်း ရန်ကာကွယ်ရေးစနစ် ဖြစ်သည့် THAAD စနစ်မှ ဒုံးကျည်အစိတ် အပိုင်းများသည် တောင်ကိုရီးယားနိုင်ငံ အတွင်းရှိ ဖြန့်ကြက်မည့် နေရာသို့ရောက်ရှိ လာပြီဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများ၏ ရေးသားဖော်ပြ နေမှုများကို တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီ ၂၆ ရက်တွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။
.
မြောက်ကိုရီးယားနိုင်ငံမှ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှု များရှိနေသည့်အတွက် THAAD စနစ်၏ တိုက်ပွဲဝင် စွမ်းဆောင်ရည် ရရှိစေရန်အတွက် ကြိုတင်ပြင်ဆင်မှုကို နှစ်နိုင်ငံ တာဝန်ရှိသူများက အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။
.
အဆိုပါဒုံးကျည် အစိတ်အပိုင်းများသည် ယင်းဖြန့်ကြက် မည့်နေရာ၌ အခြားသီးခြား အဆောက်အဦး များမတည်ဆောက်ရသေးမီ ရောက်ရှိလာခြင်းဖြစ်ပြီး ဒုံးကျည်စနစ်တစ်စိတ် တစ်ပိုင်းကို ဖြန့်ကြက်သွားမည် ဖြစ်ကြောင်းသိရသည်။
.
ယင်းဒုံးကျည် အစိတ်အပိုင်းများကို တောင်ဂီယုန်ဆန်းပြည်နယ် ဆောင်ဂျူးစီရင်စု ဆိုဆောင်ရီကျေးရွာရှိ ဂေါက်ကွင်းအတွင်းသို့ တောင်ကိုရီးယား နိုင်ငံဆိုင်ရာ အမေရိကန် စစ်ဘက်တပ်ဖွဲ့က သယ်ဆောင်လာခြင်း ဖြစ်သည်ဟု ဒေသတွင်း မီဒီယာများ၏ ဖော်ပြထားမှု များကို ကာကွယ်ရေးဝန်ကြီး ဌာနကအတည် ပြုထားသော်လည်း မည်သည့်အစိတ်အပိုင်းများ ပါဝင်သည်ကိုမူ ထုတ်ဖော်ပြောထားခြင်း မရှိကြောင်း သိရသည်။
.
THAAD ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုတွင် ရွေ့လျားဒုံးပစ်စင် ခြောက်ခု၊ ကြားဖြတ်တိုက်ခိုက်ရေး ဒုံးကျည် ၄၈ စင်း၊ AN/TPY 2 ရေဒါတစ်ခုနှင့် ပစ်ခတ်မှုနှင့် ထိန်းချုပ်ရေး ဌာနတစ်ခုတို့ ပါဝင်သည်။
.
အဆိုပါဒုံးကျည် ကာကွယ်ရေးစနစ် အပြည့်အဝ တပ်ဖြန့်မှုကို ယခုနှစ်ကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွား မည်ဖြစ်ပြီး လိုအပ်သော အဆောက်အဦများ ဆောက်လုပ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာလေ့လာဆန်းစစ်မှုများကိုလည်း ပုံမှန်အတိုင်းဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
.
http://www.pyichitthar.com/2017/04/thaad.html
.Credit 
#PyiChitThar #The Myawady Daily 
The Now News Journal
27.4.2017 (Thursday)

No comments:

Powered by Blogger.