ရန်ကုန်က ကျောင်းကား တွေကို နိုင်ငံတကာက ကျောင်းကားတွေလို အဆင့်မြှင့်မယ်
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေတဲ့ ကျောင်းကားတွေအစား နိုင်ငံတကာမှာအသုံးပြုနေတဲ့ အ၀ါရောင် ကားတွေနဲ့ အစားထိုးပြေးဆွဲနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ကျောင်းကြိုပို့ ယာဉ်တွေဟာ အခြားယာဉ်တွေနဲ့မတူဘဲ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အ၀ါရောင်ကားတွေသာဖြစ်သင့်ကြောင်း၊ လက်ရှိပြေးဆွဲနေတဲ့ ကျောင်းကားတွေဟာ လူစီးဖို့ မသင့်တော်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အထက်တန်း ကျောင်းအုပ်ဆရာမကြီးတစ်ဦးက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
‘‘လက်ရှိ ပြေးဆွဲနေတဲ့ ကျောင်းကားတွေကို မဆွဲရဘူးလို့ မပြောဘူး။ ဒါပေမဲ့ နိုင်ငံတကာမှာလို ပြေးဆွဲနေတဲ့ ကျောင်းကားတွေလိုဖြစ်ဖို့ ဆွေးနွေးတယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် ပိုပြီးစိတ်ချရအောင်အတွက် ပြင်ချင်တာ။ ပုဂ္ဂလိကအခန်းကဏ္ဍက စီစဉ်နိုင်ရင် စီစဉ်ပေါ့။ မစီစဉ်နိုင်ရင် အစိုးရအဖွဲ့က စီစဉ်ပေးမယ်လို့ ပြောတယ်။ ဆုံးဖြတ်ချက်ကတော့ မချရသေးဘူး။ ထပ်ပြီးဆွေးနွေးရဦးမယ်။ လက်ရှိပြေးဆွဲနေတဲ့ကျောင်းကားတွေအနေနဲ့ ယာဉ်မောင်း တွေမှာလည်း စားဝတ်နေရေးရှိသေးတော့ အဆင်ပြေအောင်လုပ်ရမယ်။ ကျောင်းကားမောင်းတဲ့သူတွေနဲ့လည်း ညှိနှိုင်းရမယ်’’ လို့လည်း ပြောထားပါတယ်။
play

ဧပြီ ၂၅ ရက် နေ့လယ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ၀န်ကြီးချုပ်နဲ့ ကျောင်းကားပြုလုပ်သင့်တဲ့ကျောင်းတွေမှ တာဝန်ရှိသူတွေ အစည်းအဝေးကျင်းပခဲ့တာဖြစ်ပြီး ကျောင်းကားပြေးဆွဲနေတဲ့ ယာဉ်ပိုင်ရှင်တွေကိုတော့ သက်ဆိုင်ရာ အထက်တန်း ကျောင်းတွေမှ ခေါ်ယူပြောကြားမှုတွေမရှိသေးကြောင်း ကမာရွတ်မြို့နယ် အထက(၂)ကျောင်းမှာ ကျောင်းကားမောင်းနှင်သူ ကိုလှစိုးကပြောကြားထားကြောင်းလည်း သတင်းမှာ ရေးသားထားပါတယ်။
ရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းအချို့မှာ ကိုယ်ပိုင်ယာဉ်တွေနဲ့ ကျောင်းကြိုပို့ မှုတွေကြောင့် ယာဉ်ကြောကျပ်တည်းမှုတွေရှိခဲ့ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့တဲ့နှစ်အတွင်း ပြုလုပ်တဲ့အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ဖူးပါတယ်။
Source: 7Day Daily
Photos: Wonderpolis

Credit : Lwin Pyin
The Now News Journal
27.4.2017 (Thursday)
No comments:
Post a Comment