တရုတ်က ကျောင်း သန့်စင်ခန်း လူအုပ် တက်နင်းမှု ကလေး နှစ်ယောက် သေဆုံး
တရုတ်နိုင်ငံ အလယ်ပိုင်းက မူလတန်းကျောင်းတခုရဲ့ အိမ်သာခန်းထဲမှာ ကျောင်းသားလေးတွေ ရုန်းရင်းဆန်ခတ် ပြေးလွှားကြရင်း အချင်းချင်းတက်နင်းမိပြီး ကလေး ၂ ယောက် သေဆုံးခဲ့ကာ အယောက် ၂၀ ထိခိုက်ဒဏ်ရာ ရသွားခဲ့တယ်လို့ အစိုးရပိုင် မီဒီယာက ကြေညာပါတယ်။
ဖူယန်ဒေသက ကျောင်းမှာ နံနက်ပိုင်း အားလပ်ချိန် အတွင်း ကျောင်းသားလေးတွေဟာ ရေအိမ်သန့်စင်ခန်းထဲမှာ အချင်းချင်း တွန်းထိုး ပြေးလွှားခဲ့ကြတယ်လို့ ဆင်ဟွာ သတင်းဌာနက ဆိုပါတယ်။
အခြား တရုတ် သတင်းစာ တစောင်မှာတော့ လူစုလူဝေးရဲ့ ဖိအား ဒဏ်ကြောင့် အိမ်သာ နံရံပြိုကျခဲ့တယ်လို့ ရေးထားပါတယ်။
ဒဏ်ရာရတဲ့ ကလေးငယ်တွေကို ဆေးရုံ မှာ ကုသပေးနေပြီး တချို့က စိုးရိမ်ရတဲ့ အနေအထား ဖြစ်ပါတယ်။
ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ဖူယန်ခရိုင် အစိုးရက အေပီ သတင်းဌာနကို ပြောပါတယ်။ ဒါပေမယ့် အခြား အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။
ဒီဖြစ်ရပ်ဟာ ဟန်နန်ပြည်၊ ဖူယန် ခရိုင်က အမှတ် ၃ စမ်းသပ် မူလတန်းကျောင်းမှာ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။
တရုတ်ပြည်မှာ အလားတူ လူသေဆုံးတဲ့ အထိ ဖြစ်ခဲ့တဲ့ လူအုပ်တက်နင်းမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။
၂၀၁၄ ခုနှစ်တုန်းကလည်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ကျောင်းတကျောင်းရဲ့ လှေကားမှာ ကျောင်းသားလေးတွေ ပြေးလွှား ဝရုန်းသုန်းကား ဖြစ်ကာ ကလေးငယ် ၆ ယောက် သေဆုံးပြီး ၂၅ ဒဏ်ရာရမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။
#ဘီဘီစီမြန်မာပိုင်း
No comments:
Post a Comment