Header Ads

သမီးရည်းစား ချိန်းတွေ့ပြီး ခြင်ဆေးမီး မငြှိမ်း၍ နေအိမ် မီးလောင်


21-Mar-2017
မုံရွာမြို့ ထန်းတောရပ်ကွက်ရှိ လူနေထိုင်ခြင်း မရှိသည့် နေအိမ်တစ်ခုတွင် သမီးရည်းစား ချိန်းတွေ့ပြီးနောက် ခြင်ဆေးခွေမီးကို ငြှိမ်းသတ်ခဲ့ခြင်း မရှိ၍ မတ်လ ၁၉ ရက်နေ့ညက နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနထံမှ သိရသည်။
ထန်းတောရပ်ကွက် အောင်ရတနာ နယ်မြေ ၃ ရှိ အိမ်ရှင်ဒေါ်ညို နေထိုင်ခြင်း မရှိသည့် သွပ်မိုးကပ်ကာ ပျဉ်ခင်းနှစ်ထပ်အိမ်မှာ မတ်လ ၁၉ ရက်နေ့ ည ၉ နာရီခွဲခန့်က မီးလောင်ခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးလောင်မှုကြောင့် နေအိမ်တစ်ခုလုံး လောင်ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ယင်းနေအိမ်မီးလောင်မှုမှာ အိမ်ရှင်၏ သားဖြစ်သူသည် မုံရွာတက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသားဖြစ်ပြီး ၎င်းင်းသည် ရန်ကင်းရပ်ကွက် အဆောင်တွင် နေထိုင်၍ ယင်းအိမ်တွင် သူငယ်ချင်းစုံတွဲများ ချိန်းတွေ့သည်ကို လက်ခံလေ့ရှိကာ ၎င်းကိုယ်တိုင်လည်း ချိန်းတွေ့တတ်ကြောင်း၊ ယင်းမီးလောင်မှုဖြစ်သည့် ညက စုံတွဲတစ်တွဲ လာရောက်ချိန်းတွေ့ရာတွင် ထွန်းထားသည့် ခြင်ဆေးခွေမှတစ်ဆင့် မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း နယ်မြေရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ထံမှ သိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင်၏ သားဖြစ်သူ မောင်ဖြိုး သူရဇော် (၂၁ နှစ်)ကို နယ်မြေရဲစခန်းတွင် (ပ) ၁၈၅/၂၀၁၇ ပုဒ်မ(၂၈၅) မီးပေါ့ဆစွာ အသုံးပြုမှုဖြင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း နယ်မြေရဲစခန်းထံမှ သိရသည်။
The Voice

No comments:

Powered by Blogger.