Header Ads

ADSL လိုင်း ယာယီပိတ်ခြင်း၊ ဖွင့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ


ADSL လိုင်းအား အသုံးပြုသူမှ ယာယီပိတ်သိမ်းခြင်း၊ ဖွင့်ခြင်းများ ဆောင်ရွက်လိုပါက ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

ထိုကဲ့သို့ ဆောင်ရွက်လိုသူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ငွေစာရင်းဌာန၊ ဗိုလ်ဆွန်ပက်လမ်း (မောင်ထော်လေးလမ်း) မှ ကြွေးကျန်ကင်းရှင်းကြောင်း အထောက်အထားများနှင့်အတူ အင်ဂျင်နီယာချုပ် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနသို့ လိပ်မူလျှောက်ထားနိုင်ကြောင်း သိရသည်။

လိုင်းယာယီပိတ်ခြင်းနှင့် ဖွင့်ခြင်းများအား လစဉ် လဆန်းရက်တိုင်း ဆောင်ရွက်ပေးကြောင်း၊ သုံးစွဲသူများအနေဖြင့် လကုန်ရက်များမတိုင်မီ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ လိုင်းယာယီပိတ်ခြင်းများအတွက် သုံးစွဲသူများမှ လစဉ်ကြေး ကျသင့်ငွေများ ပေးဆောင်ရန်မလိုအပ်သော်လည်း နှစ်စဉ်ကြေး ကျသင့်ငွေကျပ် ငါးသောင်းကို နှစ်စဉ်ဧပြီလတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန (ADSL) ဌာနစိတ်မှ သိရသည်။ လိုင်းအပြီး ပိတ်သိမ်းလိုပါက ငွေစာရင်းဌာန၊ မောင်ထော်လေးလမ်းမှ ကြွေးကျန်ကင်းရှင်းကြောင်း အထောက်အထားများနှင့်အတူ အင်ဂျင်နီယာချုပ်၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနသို့ လိပ်မူ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

“လိုင်းယာယီဖြုတ်လို့ရတယ်ဆိုပေမယ့်လည်း နှစ်စဉ်ကြေးကတော့ ပေးရမှာပဲလေ။ အဲတော့ တကူးတက လိုင်းယာယီဖြုတ်ဖို့ ဆောင်ရွက်တာမျိုး မရှိခဲ့ဖူးပါဘူး။ မသုံးဘဲနေလိုက်တာပဲရှိတယ်။ သုံးရတာ အဆင်မပြေရင်တော့ လိုင်းအပြီးဖြုတ်မှာပေါ့။ အခုကတော့ ADSL ရော၊ ဖိုင်ဘာရောနှစ်မျိုး စလုံး သုံးနေပါတယ်” ဟု ADSL လိုင်း အသုံးပြုသူ ကိုမင်းမင်းလတ်က ပြောသည်။ ADSL လိုင်း အပြီးပိတ် သိမ်းခြင်းအား လစဉ်လဆန်းရက်တိုင်း ဆောင်ရွက်ပေးကြောင်း၊ သုံးစွဲသူများအနေဖြင့် လကုန်ရက်များမတိုင်မီ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်း
Internet Journal 
Credit Link - http://www.myanmarcnn.com/2014/03/adsl.html

No comments:

Powered by Blogger.