Header Ads

ကောလဟာလနှင့် ဘဏ်


ဘဏ်ကောလဟာလများသည် ထိုဘဏ်တွင် အပ်နှံထားသူများ၊ ကာယကံရှင်ဘဏ်တို့အတွက်သာ သေရေးရှင်ရေးမဟုတ်ဘဲ ဘဏ်လောကတစ်ခုလုံးနှင့်တကွ တစ်နိုင်ငံလုံးအတွက် အရေးကြီးသည်။
မြန်မာနိုင်ငံသည် ကောလဟာလ ပေါ်ပေါက်ရန် ရေခံမြေခံကောင်းဖြစ်သည်။ သတင်းအမှောင်ချထားသော ကာလရှည်တွင် သတင်းအချို့သည် ကောလဟာလအဖြစ်ဖြင့် စီးထွက်တတ်သည့်သဘာဝကို သိထားကြသည့်အတွက် ကောလဟာလတို့ကို အခြေအမြစ်ရှိမရှိ စဉ်းစားခြင်းထက် ယုံရန် ပိုလွယ်သည်။
တဖန် ကောလဟာလသည် အကြောက်တရားပေါ်တွင် တည်မှီကြီးထွားသည်။ နဂိုကတည်းက အထိတ်တလန့်ဖြစ်နေလျင် ကောလဟာလ ပိုပျံ့လွယ်သည်။ မြန်မာတို့သည် ဖျာအောက်၊ မြေတွင်းနှင့် အိမ်ခြံမြေ၊ ရွှေတို့တွင် မိမိပိုင်ဥစ္စာဓနများကို ထားသိုရန် အားသန်ကြလေ့ရှိပြီး ဘဏ်အပ်ခြင်းသည် မကြာသေးမီကမှ ခေတ်စားလာသော အလေ့အကျင့်ဖြစ်သည့်အတွက် ဘဏ်များအပေါ် ယုံကြည်စိတ်ချမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများလောက် ကျင့်သားမရသေး။ ထို့ပြင် ယနေ့မြန်မာနိုင်ငံတွင် သတင်းပျံ့ရန် အမြန်ဆုံး Facebook သည် ကောလဟာလပျံ့ရန် အမြန်ဆုံး ယန္တရားလည်းဖြစ်သည်။ တဖန် စီးပွားရေးအကျဘက်သို့ ရောက်ချိန်တွင် ဘဏ်ကောလဟာလများကို လူတို့ ပိုယုံလွယ်သည်ဟုလည်း နိုင်ငံတကာသုတေသနများကဆိုသည်။
ဘဏ်
ဘဏ်များသည် ပြည်သူလူထုအများအပြားက လာရောက်အပ်နှံငွေကို လက်ခံသည်။ လာရောက်အပ်နှံသူများ၏ ငွေများ လုံခြုံစိတ်ချရရန် ဘဏ်ကတာဝန်ယူသည့်နည်းတူ ထိုငွေများနှင့်ခွဲခွာရသည့်အတွက် ငွေပိုင်ရှင်ကို အတိုးပေးသည်။ ထိုငွေများကို စီးပွားရေးလုပ်လိုသူ၊ အိမ်ဝယ်လိုသူ၊ ကျောင်းတက်လိုသူ စသူတို့က ချေးငှားလျင် အပ်နှံငွေပေါ်ပေးသည့်အတိုးနှုန်းထက် မြင့်မားသော အတိုးနှုန်းဖြင့် ချေးသည်။ ဘဏ်သည် ထိုနည်းဖြင့် အကျိုးအမြတ်ရရှိသလို ငွေလိုသူနှင့် ငွေပိုသူကြား ပေါင်းကူးတံတားလည်းဖြစ်သည်။ ဘဏ်များ အားကောင်းလျင် ငွေပိုသူများ ကိုယ်ပိုင်ငွေပေါ်မှ ၀င်ငွေရသလို ငွေလိုသူများလည်း ဘ၀ရည်မှန်းချက်များ ပြည့်မြောက်စေနိုင်သည်။ သင့်တင့်သောနှုန်းဖြင့် ချေးငွေ လွယ်လွယ်ကူကူရရှိလျင် စီးပွားရေးလုပ်ငန်းများ ကြီးထွားနှုန်းမြန်မည်၊ အိုးပိုင်အိမ်ပိုင်ဖြစ်ကြမည်၊ ဘွဲ့ဒီဂရီပညာများရကြမည်။ ဘဏ်များ တောင့်တင်းခိုင်မာရေးသည် နိုင်ငံအတွက် အရေးကြီးသည်။
သို့သော် ဘဏ်များသည် လုပ်ငန်းသဘောသဘာဝအရကိုယ်တိုင်က ပြည်သူအများ၏ ယုံကြည်မှုအပေါ် တည်မှီလှုပ်ရှားနေရသည့်အတွက် အခြားလုပ်ငန်းများနှင့်မတူဘဲ ထိခိုက်လွယ်သည်။ ဘဏ်တွင် အပ်နှံထားသောငွေများသည် အချိန်မရွေး ပြန်ထုတ်ပေးနိုင်အောင် ဘဏ်တွင် အားလုံး အဆင်သင့်မရှိနိုင်။ သတ်မှတ်ထားသော အချိုးအစားတစ်ခုသာ ဘဏ်တွင် ရှိနေမည်။ သတ်မှတ်ထားသော အချိုးအစားထက် များစွာပိုနေသော ငွေများ ဘဏ်တွင် ရှိနေသည်ဆိုလျင်လည်း ထိုဘဏ်သည် အပ်ငွေများကို ကောင်းစွာအသုံးမချနိုင်သောဘဏ်ဖြစ်မည်။ ထို့ကြောင့် ငွေအပ်နှံထားသူများအားလုံးက ပြန်မထုတ်လျင်သော်မှ အတော်များများက ပြန်ထုတ်လျင် ဘဏ်တွင် ပေးရန် ငွေခန်းသွားတတ်သည်။
ကောလဟလဖြစ်လျင် အစိုးရိမ်ဆုံး လူအချို့က ငွေပြေးထုတ်ကြမည်။ ပြေးထုတ်လျင် ပမာဏ များသောကြောင့်လည်းကောင်း၊ လစာထုတ်ရက်နှင့် ကြုံသောကြောင့်လည်းကောင်း၊ ရုံးပိတ်ရက်နှင့်ကပ်လျင်သော်လည်းကောင်း ငွေထုတ်ရကြာလျင် လူတန်းပိုရှည်မည်။ ထိုအခါ ကောလဟာလ ပိုပျံ့မည်။ ယင်းကိုကြည့်လျင် ထွက်ပေါ်လာသော ကောလဟာလသည် အခြေမမြစ်မရှိလျင်ပင် လူယုံသွားလျင် သက်ဆိုင်ရာဘဏ်ကို များစွာထိခိုက်နိုင်သည်ကို တွေ့ရသည်။
ယေဘုယျအားဖြင့် ကောလဟာလပေါ်ထွက်လျင် စနစ်တကျလည်ပတ်နေသော ဘဏ်များက တောင့်ခံနိုင်ပြီး ဖရိုဖရဲဖြစ်နေသော ဘဏ်များသည် အထိနာလွယ်သည်။ စနစ်တကျလည်ပတ်နေခြင်းဆိုသည်မှာ ဗဟိုဘဏ်၏ စာရွက်ပေါ် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်သလို လက်တလုံးခြားဆောင်ရွက်ခြင်းများကိုလည်း ရှောင်လေ့ရှိခြင်းကို ဆိုလိုသည်။
ငွေအပ်နှံသူများ ကြောက်လန့်ကာ ဘဏ်တစ်ဘဏ်မှ ငွေများပြန်ထုတ်ပြီး အခြားဘဏ်သို့ သွားအပ်လျင် ဘဏ်စနစ်တစ်ခုလုံးကို မထိခိုက်။ ငွေအပ်သူသည် ဘဏ်တစ်ခုကိုသာ စိတ်မချခြင်းဖြစ်ပြီး ဘဏ်စနစ်တစ်ခုလုံးကိုမူ စိတ်ချနေသေးသည့်သဘော။ ဘဏ်မှ ငွေထုတ်လာပြီး ဘယ်ဘဏ်မှမအပ်တော့ဘဲ မြေ၊ ရွှေ၊ ဖျာအောက်သို့ သွားထားလိုက်လျင်မူ စနစ်တစ်ခုလုံးကို အယုံအကြည်ပျက်သွားခြင်း။ ထိုသို့ အယုံအကြည်ပျက်သွားလျင် ငွေကြေးလည်ပတ်စီးဆင်းမှုပျက်ပြီး စီးပွားရေးတစ်ခုလုံးပေါ် ရိုက်မည်။
ယင်းတွင် အစိုးရ၏ အခန်းကဏ ၀င်လာသည်။ စီးပွားရေး ဇောက်ထိုးဆင်းသွားနိုင်သည့်အတွက် အစိုးရသည် ဘဏ်စနစ်တစ်ခုလုံးမှ ငွေများ ပြန်ထွက်သွားခြင်းကို ကြောက်သည်။ အစိုးရ၏ ကိုယ်စားလှယ်သည် ယခုနေရာတွင် ဗဟိုဘဏ်ဖြစ်သည်။
ဗဟိုဘဏ်
ဗဟိုဘဏ်သည် ဘဏ်တစ်ဘဏ်ဘဏ် ငွေအစုလိုက် အပြုံလိုက် အထုတ်ခံရခြင်း ကြုံနေပြီဆိုလျင် နောက်ဆုံးငွေချေးသူအဖြစ် ၀င်ကူလေ့ရှိသည်။ ဘဏ်အချင်းချင်းလည်း ငွေချေးယူနိုင်သည်။
ဗဟိုဘဏ်သည် ဘဏ်အကြီးအသေးပေါ်လည်း ကြည့်နိုင်သည်။ ဘဏ်ကြီးလျင် တစ်နွယ်ငယ်တစ်စင်ပါ ထိနိုင်သူများသည့်အတွက် ဗဟိုဘဏ်သည် ဘဏ်ကြီးလျင် ပိုသတိထားသည်။ ဧရာမဘဏ်ဆိုလျင် ဗဟိုဘဏ်က သေချာပေါက်ဝင်ကယ်မည့်အတွက် too big to fail “ကြီးလွန်းသောကြောင့် မသေနိုင်” ဟု တင်စားကြသည်။ အမေရိကန်တွင် ဖြစ်ခဲ့သော စီးပွားရေးဂယက်ကြီးတွင် ယင်းအဖြစ်အပျက်ကို မြင်ခဲ့ရပြီးဖြစ်သည်။
ဗဟိုဘဏ် သို့မဟုတ် အစိုးရက ၀င်ကယ်ခြင်းကို မေးခွန်းထုတ်ကြသည်များလည်းရှိသည်။ ကြီးတိုင်းသာဝင်ကယ်ရမယ်ဆိုလျင် ဘဏ်များသည် စွန့်စားသင့်သည်ထက် ပိုစွန့်စားကြမည်။ ဆိုလိုသည်မှာ တစ်စုံတစ်ရာ မရှုနိုင်မကယ်နိုင်ဖြစ်လျင် ဗဟိုဘဏ်က ၀င်ကူမည်ဟူသော အသိဖြင့် မချေးသင့်မချေးထိုက်သောလုပ်ငန်းများ၊ ပုဂ္ဂိုလ်များကို အတိုးရလိုဇောဖြင့်ငွေချေးကြမည်။ ယင်းသို့ဖြစ်လျင် သက်ဆိုင်ရာ ဘဏ်အတွက်လည်းမကောင်း၊ နိုင်ငံအတွက်လည်းမကောင်းပေ။
တဖန် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည့်အတွက် “မခိုင်သည့်ကျောင်း ပြိုမည်”၊ အပြိုင်အဆိုင်ဖြစ်ရင်းနှင့် အားနည်းသောသူ ပြိုင်ပွဲကထွက်၊ အားကောင်းသူ ကျန်ရစ်မည့်အတွက် ထူးပြီးစိတ်ပူရန်မလိုဟူလည်း ပြောကြသည်။ အပြိုင်အဆိုင်အားကောင်းခြင်းသည် ဈေးကွက်စီးပွားရေးအောင်မြင်ရန် လိုအပ်ချက်ဖြစ်သည့်အတွက် ဘဏ်လောကတွင်လည်း အလားတူပင်။ သို့သော် တစ်ချက် သတိပြုရန်။ ဘဏ်များသည် သာမန်စီးပွားရေးလုပ်ငန်းများနှင့်မတူပါ။ ဘဏ်တစ်ခု သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ပြိုလဲလျင် ငွေအပ်နှံသူများနှင့် နိုင်ငံအပေါ် ထိခိုက်နိုင်စွမ်းသည် အဆများစွာ ပိုကြီးသည်။
ဘဏ်များမှ လန့်ပြီးငွေထုတ်ခြင်းသည် အဆိုးတင်မဟုတ်။ ကိုင်တွယ်တတ်လျင် အကျိုးလည်း ရှိသည်။ ကောလဟာလကြောင့် အစိုးရိမ်ကြီးသူအချို့ ငွေလာထုတ်ခြင်းသည် ဘဏ်၏ အလုပ်လုပ်ကိုင်ပုံကို ပိုစနစ်ကျလာစေသည်။ ဘဏ်သည် ထွက်သွားသည့် အပ်ငွေများ ပြန်ဝင်လာရန် ဘဏ်၏ စွမ်းဆောင်ရည်နှင့် ဂုဏ်သတင်းပြန်တက်လာရန် ကြိုးပမ်းရသည်။ အပ်ငွေပေါ်ပေးသည့် အတိုးနှုန်းမြှင့်တင်ရခြင်း၊ ဘဏ်တွင်း စီမံခန့်ခွဲမှု တိုးတက်စေခြင်း၊ ဘဏ်နှင့်ဆက်ဆံသူများနှင့် ဆက်ဆံရေးကောင်းအောင် ကြိုးစားရခြင်းတို့ဖြင့် အပ်ငွေများ ပြန်ဝင်အောင် အားထုတ်ရသည့်အတွက် ဘဏ်သည် ကောလဟာလမထွက်မီကထက် ကောလဟာလထွက်အပြီး အချိန်ကာလတစ်ခုတွင် ပိုတောင့်တင်းလာနိုင်သည်။
ဗဟိုဘဏ်သည် ထိုကောလဟာလများထွက်အပြီး အခြေအနေငြိမ်သက်သွားချိန်တွင် သက်ဆိုင်ရာဘဏ်ကိုသာမက ဘဏ်နယ်ပယ်တစ်ခုလုံးကို ပြန်လည်အကဲဖြတ်သင့်သည်။ ထိုသို့အကဲဖြတ်ခြင်းဖြင့် ပြည်သူအပေါ် တာဝန်ကျေမည်ဖြစ်သလို မိမိထိန်းကျောင်းရသော ဘဏ်လောကပေါ်လည်း တာဝန်ကျေမည်ဖြစ်သည်။
ငွေပြန်ထုတ်မလား မထုတ်ဘူးလား
ကောလဟာလထွက်တိုင်း ဘဏ်အပ်ငွေ ပြန်ထုတ်သင့်လား။ သတင်းအချက်အလက်ရသည်ချင်းတူလျင်ပင် ငွေအပ်နှံသူတစ်ယောက်ချင်းနှင့် ဆိုင်သောမေးခွန်းဖြစ်သည့်အတွက် ထိုမေးခွန်းသည် ဖြေရခက်သည်။
ငွေအပ်နှံသူအချို့သည် ၂၀၀၃ခုနှစ် ဘဏ်အကျပ်အတည်းတစ္ဆေခြောက်ခံရသူများဖြစ်သည့်အတွက် ကောလဟာလကြားလျင် ပြေးထုတ်တတ်ကြသည်။ ကိုယ့်ချွေးနှဲစာမှ စုဆောင်းထားသည်များဖြစ်သည့်အတွက် ထိုသို့ပြေးထုတ်ခြင်းသည် ဓမ္မတာ။ သို့သော် ကောလဟာလထွက်တိုင်းသာ ပြေးထုတ်ရပါက တမင်ထုတ်လွှင့်သော ကောလဟာလဆိုလျင် ကိုယ်ရမည့် အတိုးဆုံးသည်သာ အဖတ်တင်မည်။
စဉ်းစားရမည့် အချက် အနည်းဆုံး၎ချက် ရှိပါသည်။
၁) ငွေအပ်မည်ဆိုကတည်းက ထိုဘဏ်၏ လုပ်ပုံကိုင်ပုံ၊ ဘဏ်ဦးဆောင်သူ ဘဏ်ပိုင်ရှင်တို့၏ ဂုဏ်သတင်းတို့ကို လေ့လာရမည်။
၂) “ခြင်းတစ်ခြင်းထဲ ကြက်ဥအကုန်လုံးမထည့်နဲ့” ဟူသော စကားရှိသည်။ ဘဏ်တစ်ဘဏ်ထဲတွင် ကိုယ့်ငွေအကုန်ထည့်ထားခြင်းထက် ဘဏ်နှစ်ဘဏ်လောက် ခွဲအပ်ထားသင့်သည်။ ဘဏ်အမျိုးအစားလည်း ခွဲထားနိုင်သည်။ ပုဂ္ဂလိကဘဏ်တွင် ငွေအများအပြားထည့်ထားလျင် အစိုးရဘဏ်ထဲ အနည်းအကျဉ်းထားသင့်သလို အစိုးရဘဏ်ထဲ ငွေအများအပြားထည့်ထားလျင် ပုဂ္ဂလိကဘဏ်တွင် ငွေအနည်းအကျဉ်းထားသင့်သည်။
၃) ကောလဟာလသည် အခြေအမြစ်ရှိမရှိ လေ့လာရမည်။ ကောလဟာလထွက်အပြီးတွင် ဂုဏ်သိက္ခာရှိ သတင်းမီဒီယာများတွင် အလားတူသတင်းများတက်မတက် ကြည့်ရန်လိုသည်။ ဘဏ်တစ်ခုနှစ်ခုပေါ် ဦးတည်ထားသော ကောလဟာလဖြစ်လျင် ထိုဘဏ်တို့အကြောင်း လေ့လာရမည်။
စင်စစ် ပြည်သူအများစုသည် ဘဏ်တစ်ဘဏ်၏ အခြေအနေမှန်ကို စိစစ်နိုင်စွမ်းမရှိသဖြင့် ထိုတာဝန်သည် ဗဟိုဘဏ်အပေါ် ကျရောက်နေသည်။ ဗဟိုဘဏ်သည် သက်ဆိုင်ရာဘဏ်၏ အခြေအနေမှန်ကို ပြည်သူ့ထံ အမြန်ထုတ်ပြန်ရပါမည်။ ပြည်သူ့အနေဖြင့် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်၊ ရှင်းလင်းချက်ပေါ် မူတည်ပြီး ဆုံးဖြတ်ရသည်ဖြစ်ရာ အကယ်၍ ထုတ်ပြန်ချက်သည် အခြေအနေမှန်နှင့် ကွဲလွဲလျင် ဗဟိုဘဏ်တွင် တာဝန်ရှိမည်။
အကောင်းဆုံးနည်းမှာ “မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်း” သာဖြစ်သည်။ မချေးထိုက်သောသူကို မချေးမိအောင်၊ မစွန့်စားသင့်သည့်နေရာတွင် မစွန့်စားအောင် ဗဟိုဘဏ်သည် ထိန်းကျောင်းရမည်သာ။ အကြပ်အမတ်လွန်ပြီး ဘဏ်များလုပ်ငန်းစရိတ်အလွန်မတက်အောင်၊ လုပ်ငန်းလုပ်ရမခက်အောင်လည်း သတိထားရမည်သာ။ တဘက်တွင် ဗဟိုဘဏ်သည် လူသားအရင်းအမြစ်အားနည်းချက်၊ ဗဟိုဘဏ်ဥပဒေသစ်အောက်တွင် လွတ်လပ်လာသည်မှာ မကြာသေးခြင်း၊ ဘဏ်ပိုင်ရှင်အများအပြားသည် ဘဏ်လုပ်ငန်းအပြင် အခြားလုပ်ငန်းများစွာလုပ်ကိုင်သော စီးပွားရေးလုပ်ငန်းစုကြီးများ၏ ပိုင်ရှင်ဖြစ်နေခြင်း စသော စိန်ခေါ်ချက်များကို ရင်ဆိုင်နေရသည်။
၎) ၂၀၀၃ခုနှစ်နှင့် ၂၀၁၇ မတူတော့ပါ။ နိုင်ငံရေး စီးပွားရေး အခြေအနေများစွာ ပြောင်းလဲသွားပြီ။ ပွင့်လင်းမြင်သာမှုသည် များစွာပိုလာပြီ။ သတင်းအချက်အလက်ရယူနိုင်စွမ်းနှင့် သတင်းအချက်အလက်စီးဆင်းနှုန်း ဘာမျှမဆိုင်တော့။ ဘဏ်များသည်လည်း ယခင်ကထက် ကျွမ်းကျင်သူပိုများလာပြီး ပိုတောင့်တင်းလာသည်။ လုပ်ငန်းကိုင်ငန်းစနစ်တကျလုပ်ဆောင်ရန် ဖိအားလည်း ယခင်ထက် ပိုများလာသည်။ အထူးသဖြင့် နိုင်ငံခြားဘဏ်ကြီးများကို ရှယ်ယာရောင်းရန် ကြိုးစားနေသောဘဏ်များ၊ စတော့ဈေးကွက်တွင်း ၀င်ရောက်ရန် ကြံနေသောဘဏ်များသည် ယင်းတို့၏ စီမံခန့်ခွဲမှုကို စနစ်ပိုကျရန် ကြိုးစားလာကြသည်။ ဘဏ်များ ပြဿနာကြုံရလျင်ပင် ၂၀၀၃ခုနှစ် ဘဏ်လောက ပြဿနာဖြေရှင်းပုံနှင့် ၂၀၁၇ဖြေရှင်းပုံ တူမည်မဟုတ်ပါ။ ၂၀၁၆ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေသည် ၁၉၉၀ဥပဒေနှင့် မတူပါ။ ၂၀၁၆ ဥပဒေတွင် ဘဏ်အကြပ်အတည်းပေါ်လျင် ဖြေရှင်းရမည့်နည်းစနစ်အဆင့်ဆင့်ကို ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြထားသည်။ ၂၀၁၇ ဗဟိုဘဏ်သည်လည်း ၂၀၀၃ ဗဟိုဘဏ်ထက် ပိုတောင့်တင်း လွတ်လပ်လာသည်။
သုံးဦး
လုပ်ပုံကိုင်ပုံနှင့် လက်ရှိအခြေမခိုင်သောကြောင့် ဘဏ်အထိနာခြင်းသည် ဈေးကွက်က ဒဏ်ခတ်ခြင်းသာဖြစ်သည်။ ကောလဟာလအရှိန်ကြောင့် ယိုင်သွားခြင်းမှာမူ ကာယကံရှင်ဘဏ်တွင်မက စီးပွားရေးလောကတစ်ခုလုံး တစ်နိုင်ငံလုံးပါ ထိနိုင်သည်။ ကောလဟာလ အန္တရာယ်ကိုရှောင်ရန် ကာယကံရှင်ဘဏ်၊ ဗဟိုဘဏ်နှင့် ငွေအပ်နှံသူ သုံးဦးသုံးဖလှယ် လက်တွဲမှ ရမည်။
ကောလဟာလဘေးမှ ဝေးစေလိုသည်။
ဇေယျသူ
The Voice Weekly Journal. 13 May 2017
The Now News Journal
16.5.2017(Tuesday)

No comments:

Powered by Blogger.