ရုတ်တရက်ပြန်ပေါ်လာတဲ့ နှစ်ပေါင်းသုံးဆယ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ကမ်းခြေ
နှစ်ပေါင်း ၃၃နှစ်ကြာလောက် ပျက်ဆီးပျောက်ဆုံးသွားခဲ့တဲ့ ကမ်းခြေတစ်ခုဟာ အလွန်ပြင်းထန်းတဲ့ မုန်တိုင်းတစ်ခုကနေ ဖြစ်ပေါ်လာခဲ့တဲ့ ရေလှိုင်းကြီးများကြောင့် နဂိုကမ်းခြေပုံစံအတိုင်းကို ရုတ်တရက်ပြန်လည်ပေါ်လာခဲ့တယ်လို့ သိရှိရပါတယ်။
အဆိုပါကမ်းခြေဟာ အိုင်ယာလန်နိုင်ငံ Achill ကျွန်း Dooagh ရွာအနီးမှာ တည်ရှိတာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်းများကို ဆွဲဆောင်နိုင်ခဲ့တဲ့ နေရာတစ်ခုအဖြစ်ရှိခဲ့ပြီး ကမ်းခြေပတ်ဝန်းကျင်မှာလည်း ဟိုတယ်လေးလုံးနဲ့ တည်းခိုခန်းများစွာ တည်ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ၁၉၈၄ခုနှစ် အတိအကျ မသိရှိရတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ပင်လယ်ရေလှိုင်းလုံးကြီးတွေက ကမ်းခြေမှ သဲတွေအားလုံးကို စုပ်ယူသွားသလို ဖြစ်သွားခဲ့ရပြီး ကမ်းခြေတစ်ခုလုံးဟာလည်း ရုပ်ဆိုးအကျည်းတန်သွားခဲ့ရပါတယ်။ ဒီလို မမျှော်လင့်ထားတဲ့ အခြေအနေဆိုးကြီးကြောင့် ကမ်းခြေကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေသူများအားလုံး ဒုက္ခရောက်ခဲ့ရကာ နောက်ဆုံးတော့ ထိုကမ်းခြေဟာလည်း တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်သုံးခုလောက်အကြာ ယနေ့အချိန်မှာတော့ အားပြင်းထန်တဲ့ ရေလှိုင်းကြီးတွေကြောင့် မြောက်များလှစွာသော သဲများဟာ ကမ်းခြေမှာ ပြန်လည်မြင်တွေ့လာရပြီး ကမ်းခြေဟာလည်း ဟိုးအရင်အတိုင်းကလို ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။
ဒီလို ထူးခြားတဲ့သဘာဝအကြောင်းတရားနဲ့ပတ်သတ်ပြီး Achill ခရီးသွားအေဂျင်စီမှ မန်နေဂျာဖြစ်သူ Sean Molloy က " လှိုင်းလုံးကြီးတွေကြောင့် ကမ်းခြေမကွယ်ပျောက်သွားခင်က ဒီကမ်းခြေဟာ ရွာသူရွာသားတွေကို အကျိုးပြုခဲ့ပါတယ်။ ဒါပေမယ့် မုန်တိုင်းကြီးတစ်ခု ဖြစ်သွားပြီးနောက်ပိုင်းမှာတော့ ဒီကမ်းခြေကြီးဟာ ရုတ်တရက်ကွယ်ပျောက်သွားခဲ့ပါတယ်။ အခုတော့ ကမ်းခြေကို ပြန်လည်ရရှိခဲ့ပြီဖြစ်လို့ ရွာသားတွေလည်း အတော်လေးကို ဝမ်းသာနေရတယ် " လို့ ပြောဆိုသွားခဲ့ပါတယ်။ ကမ်းခြေနားမှာ ဘားဆိုင်ဖွင့်ထားတဲ့ ရွာသားတစ်ဦးကလည်း ကမ်းခြေရဲ့အံသြစရာ အခြေအနေကြောင့် ခရီးသည်များစွာ ရောက်ရှိလာဖို့ မျှော်လင့်နေကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။
VitamiN
Ref: Metro
Credit # Thithtoolwin
The Now News Journal
8.5.2017(Monday)

No comments:
Post a Comment