ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးဆွေးနွေးထားသော YBS အဆိုအား ယနေ့(ဧပြီ ၂၇)တွင်ကျင်းပသော လွှတ်တော်၌အဆုံးအဖြတ်ရယူခဲ့ရာ လွှတ်တော်က အတည်ပြုလိုက်သည်။လွှတ်တော်၌ YBS အဆိုဆွေးနွေးစဉ် ကိုယ်စားလှယ်အချို့ပြောကြားခဲ့သည့် " ပြည်သူစိတ်ပျက် YBS " " YBS ကျဆုံးနေတယ်"စသည့်စကားလုံးများကို အစိုးရအဖွဲ့က လက်မခံနိုင်ကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
YBS အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်သို့ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် YBS စနစ်ကို လုပ်ဆောင်ခဲ့ခြင်းသည် ပြည်သူများ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည်သူများ၏ အသံကို နားထောင်ကာ ပြောင်းလဲဆက်လက်လုပ်ဆောင်နေကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
YBS စနစ် မအောင်မြင်စေရန် ရည်ရွယ်ချက်ရှိရှိ ပြသနာ ဖန်တီးနေသူများလည်းရှိနေသော်လည်း ပြည်သူများ၏ မျှော်လင့်ချက် မပျက်ပြားရန်နှင့် YBS စနစ်ကို အောင်မြင်ရန် အစိုးရအဖွဲ့အနေဖြင့် အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်မွန်လာစေရေးနှင့်ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုအား အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းအဆိုအား လွှတ်တော်က အတည်ပြုလိုက်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် အဆိုတွင်ပါဝင်သော အချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဖြစ်သည်။
ဓာတ်ပုံ-ထက်အာကာကျော်
Credit # 7Day News Journal
The Now News Journal
27.4.2017 (Thursday)
"YBS အဆိုအား လွှတ်တော်အတည်ပြု "
Reviewed by
Unknown
on
April 27, 2017
Rating:
5
No comments:
Post a Comment