ခြေတစ်ချောင်းတည်းရပ်ပြီး BMW ကားသစ် ရရှိအောင် ကြိုးပမ်းရသည့်ပြိုင်ပွဲ
တရုတ်နိုင်ငံတွင် ပြုလုပ်သည့် Win a BMW ပြိုင်ပွဲတွင် ကားကို လက်ဖြင့်ထောက်ရင်း ခြေတစ်ဖောင်ကျိုး ပုံစံဖြင့် အချိန်အကြာဆုံး ရပ်နိုင်သူကို အဆိုပါ မော်တော်ကားအား ဆုအဖြစ် ချီးမြှင့်ကြောင်း သိရသည်။
BMW ကားသစ်တစ်စင်း ပိုင်ဆိုင်လိုပါသလား။ ခြေတစ်ဖောင်ကျိုး ရပ်တတ်ရန် လိုအပ်မည် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ပြုလုပ်သည့် Win a BMW ပြိုင်ပွဲတွင် ကားကို လက်ဖြင့်ထောက်ရင်း ခြေတစ်ဖောင်ကျိုး ပုံစံဖြင့် အချိန်အကြာဆုံး ရပ်နိုင်သူကို အဆိုပါ မော်တော်ကားအား ဆုအဖြစ် ချီးမြှင့်ကြောင်း သိရသည်။ မတ်လ(၁)ရက်နေ့က စတင်သော အဆိုပါ ပြိုင်ပွဲတွင် လူပေါင်း(၁၄၀) ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အချိန်အကြာဆုံး လူများကို တဖြည်းဖြည်း ရွေးထုတ်စစ်ယူလာပြီး နောက်ဆုံးတွင်မူ လူ(၂၀)ပါဝင်သည့် ဗိုလ်လုပွဲကို ကျင်းပသည်။ အဆိုပါ ဗိုလ်လုပွဲတွင် အခြေအနေက ပိုမို ကြမ်းတမ်း ပြင်းထန်လာသည်။
ပြိုင်ပွဲဝင်သူများသည် ခြေတစ်ဖောင်ကျိုး ရပ်နေရုံမျှမကဘဲ ခြေဖျားပါ ထောက်ထားရကြောင်း သိရသည်။ ဒိုင်လူကြီးများက ပြိုင်ပွဲဝင်များ၏ ခြေထောက်များအောက်တွင် ဂျုံမှုန့်များ လိုက်၍ပုံကြသည်။ သို့မှသာ ခြေထောက် မထောက်ကြောင်း ထင်ထင်ရှားရှား သိသာမြင်သာစွာ သိရှိနိုင်မည် ဖြစ်သည်။ ရှီဂျီအန်းပြည်နယ်မှ ပြိုင်ပွဲ၏ ဗိုလ်လုပွဲကို မတ်လ(၁၆)ရက်နေ့တွင် ကျင်းပသည်။ မနက်(၉)နာရီခွဲက စတင်သော ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားလုံး BMWကားကို လက်ဖြင့်ကိုင်ပြီး ခြေတစ်ဖောင်ကျိုး ရပ်ရသည်။ နေ့လယ်(၁)နာရီခွဲတွင် ခက်ခဲမှု အတိုင်းအတာကို မြှင့်တင်သည့် အနေဖြင့် ခြေဖျားထောက်ရပ်ရန် ဒိုင်များက စေခိုင်း သတ်မှတ်ခဲ့သည်။ ပြိုင်ပွဲဝင်များ အနေဖြင့် အလွန်ပင်ပန်းစွာ ယှဉ်ပြိုင်ရသည်ကို သိသိသာသာ တွေ့မြင်ရသည်။
တစ်ဦးပြီးတစ်ဦး လက်လျှော့လိုက်ပြီးချိန်တွင် နွမ်းနယ်ချိနဲ့စွာ ဖြစ်နေပြီး ၎င်းတို့ကို ဆေးဝန်ထမ်းများက ကူညီပေးကြသည်။ နောက်ဆုံး အနိုင်ရရှိသူမှာ ဝူကွီဒီဆိုသူဖြစ်ပြီး ပြိုင်ဘက်အားလုံး လက်လျှော့သွားချိန်ထိ ၎င်းက တောင့်ခံနိုင်ခဲ့သည်။ ဝူသည် ဗိုလ်လုပွဲတွင် စုစုပေါင်း (၇)နာရီ (၂၆)မိနစ် ကြာမြင့်သည်အထိ ခြေတစ်ဖောင်ကျိုး မတ်တပ်ရပ်နေခဲ့ပြီးနောက် BMW၏ X1မော်တော်ကားကို ရယူနိုင်ခဲ့သည်။ ဝူအနေဖြင့် ယခုပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်နှင့်မူ နီးနီးစပ်စပ်ပင် မကပ်နိုင်ခဲ့ချေ။ ဂင်းနစ်မှတ်တမ်း စာအုပ်တွင် ဖော်ပြမှုအရ ဆူရက်ရှ် ဂျိုအာချင်မ်ဆိုသူ တမီးလ်နွယ်ဖွား ကနေဒါသားတစ်ဦးဖြစ်ပြီး (၇၆)နာရီနှင့် မိနစ်(၄၀)ကြာ ဆက်တက် ခြေတစ်ဖက်တည်း မတ်တပ်ရပ်ပြခဲ့ကြောင်း သိရှိရသည်။
Planet
Credit Link - Myawady News
No comments:
Post a Comment