ပြည်တွင်းထုတ် ရွှေဂရမ်ပြား လက်လီထက် နယ်အမှာများ
မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီမှ ဖေဖော်ဝါရီလ အတွင်း စတင် ထုတ်လုပ် ဖြန့်ဖြူးခဲ့သည့် ရွှေဂရမ်ပြား များကို လက်လီဝယ်သူထက် နယ်မှ အော်ဒါမှာယူသူ များနေကြောင်း ယင်းကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်ဝင်းက ဆိုသည်။
“အရောင်းအဝယ်က ကောင်းပါတယ်။ လာဝယ်တဲ့သူတွေ အများစုကတော့ လက်လီဝယ်တဲ့သူထက် အော်ဒါမှာတဲ့ သူတွေ ပိုများတယ်။ အချို့နေ့တွေဆို ရောင်းလို့ မလောက်ဘူး။ အချို့ရက်တွေ ကျတော့လည်း အရောင်းပါးတယ်။ အရောင်း ကိုယ်စားလှယ်တွေ မခန့်ရသေးလို့ တချို့ နေရာတွေမှာဆို မသိကြသေးတာလဲ ပါတယ်” ဟု ၎င်းကဆိုသည်။
ရွှေဂရမ်ပြားကို တစ်ဆင့် ပြန်လည် ရောင်းချမည့် ရွှေဆိုင်များက အဓိက ဝယ်ယူနေကြပြီး မန္တလေး၊ ပြင်ဦးလွင်၊ မကွေး၊ မော်လမြိုင် စသည့် နယ်ရွှေဆိုင်များက အများဆုံး အော်ဒါများ မှာယူကြောင်း၊ အရေအတွက် များများ လိုချင်သူများက ရက်ချိန်းဖြင့် ကြိုတင် အော်ဒါ မှာယူကြကြောင်း အများပိုင် ကုမ္ပဏီထံမှ စုံစမ်း သိရှိရသည်။
ဂရမ်ဖြင့် ချိန်တွယ် ရောင်းချသည့် ယင်းရွှေပြားများမှာ နိုင်ငံတကာ စံချိန်မီ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ပြည့်ဝသည့် အရည်အသွေး ရှိပြီး ၂ ဒသမ ၅ ဂရမ်နှင့် ၅ဂရမ် အရွယ် ရွှေပြားများကို ကျပ်တစ်သိန်း ဝန်းကျင်နှင့် နှစ်သိန်းဝန်းကျင် ပေါက်ဈေးဖြင့် မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီထံတွင် ဝယ်ယူနိုင်ကြောင်း ကုမ္ပဏီ ဒါရိုက်တာ ဦးရဲသူအောင်ထံမှ သိရှိရသည်။
ရွှေဂရမ်ပြားများ ရောင်းချရန် ကိုယ်စားလှယ် လျှောက်ထားသူများ အနက် လုပ်ကိုင်ခွင့် ရသူများကိုလည်း မေလအတွင်း တရားဝင် ကြေညာပေးသွားမည် ဖြစ်ကြောင်း အများပိုင် ကုမ္ပဏီထံမှ သိရှိရသည်။
မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီက တစ်ရက်လျှင် ရွှေဂရမ်ပြားပေါင်း ၄၀၀ ခန့် ထုတ်လုပ် ဖြန့်ချိလျက် ရှိပြီး ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပြင် နယ်မြို့များသို့လည်း ဖြန့်ဖြူး ရောင်းချလျက် ရှိသည်။
The Voice Weekly
မူရင်း Link - https://www.facebook.com/pages/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%95%E1%80%AB%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%80%B6/480651228657570
No comments:
Post a Comment