Header Ads

ခေတ်မီ အဆင့်မြင့် ကုသမှုစင်တာတစ်ခုကို ဖွင့်လှစ်လိုက်သည့် မန်ချက်စတာယူနိုက်တက်။



ပေါင်စတာလင် သန်းပေါင်းအတော်များများ တန်ဖိုးရှိသည့် အသင်းပိုင် ကုသမှုစင်တာ တစ်ခုကို စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

အင်္ဂလန် ချန်ပီယံ အသင်းနှင့် Toshibaတို့ ပူးပေါင်းဖန်တီးသည့် အဆိုပါ ကုသမှု စင်တာသည် ကစားသမားများ၏ ထိခိုက်ဒဏ်ရာရမှုများ ကုသရာတွင် အထောက်အကူ ပြုမည့်အပြင် ကြယ်ပွင့်ကစားသမားများ၏ ဘောလုံးကစားနိုင်မှု သက်တမ်းကိုပါ ဆွဲဆန့်ပေးနိုင်မည်ဟု သိရသည်။ AON လေ့ကျင့်ရေးကွင်းတွင် ထားရှိသည့် အဆိုပါ ကုသရေးစင်တာတွင် MRI၊ CTနှင့် Ultrasound Scannerများ တပ်ဆင်ထားပြီး ရလဒ်အနေဖြင့် ကစားသမားများ၏ ဒဏ်ရာဖြစ်နိုင်ခြေကို ကြိုတင်သိရှိနိုင်ပြီး ကုသရာတွင်လည်း ပိုမိုထိရောက် အောင်မြင်မည် ဖြစ်သည်။

အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်က “ဒီကုသရေး စင်တာဟာ ဥရောပမှ အကောင်းဆုံးပဲ။ ဒါမှမဟုတ် ကမ္ဘာ့အကောင်းဆုံးလည်း ဖြစ်နိုင်ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။ အသင်း၏ ဆရာဝန် စတိဗ်မက်နယ်လီကလည်း ယခုကုသရေး စင်တာက အသင်းသား အားလုံးကို အသက်(၃၀)ကျော် အကျပိုင်း အရွယ်များတွင်ပင် အကောင်းဆုံးခြေစွမ်းကို ရေရှည်ထိန်းသိမ်းထားနိုင်ရန် အထောက်အကူ ပြုလိမ့်မည်ဟု သုံးသပ်ခဲ့သည်။ “ဒီစင်တာဟာ ကုသမှုကဏ္ဍထက် အများကြီး ပိုပြီးတော့ ဖြစ်နိုင်ခြေတွေ ဖန်တီးနိုင်လိမ့်မယ်။ ရိုင်ယန်ဂစ်လိုမျိုး နောက်ထပ် ကစားသမားတွေ တော်တော်များများဟာ နှစ်ရှည်လများ အကောင်းဆုံး ကစားလာနိုင်လိမ့်မယ်”ဟု ပြောကြားခဲ့သည်။

Toshibaသည် လွန်ခဲ့သည့် (၂)နှစ်က ယူနိုက်တက်နှင့် စပွန်ဆာ စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးထားပြီး ထိုစဉ်ကတည်းက အသင်းအတွက် ကုသရေးစင်တာတစ်ခု တည်ဆောက်ပေးရန် သဘောတူညီမှု ရယူထားခဲ့သည်။ ယခုစင်တာတွင် တပ်ဆင်ထားသော စနစ်များအရ ကစားသမားများ၏ ကြွက်သားနှင့် အရိုးတည်ဆောက်ပုံ ဖွံ့ဖြိုးမှုများကို ကျွမ်းကျင်သူများက တောက်လျှောက် စောင့်ကြည့် လေ့လာနေနိုင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

Ref: dailymail

မူရင်း Link - https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.351018658329305/554311574666678/?type=1&theater

No comments:

Powered by Blogger.